ပလောင်(တအာင်း) ရိုးရာစားသောက်ဖွယ်ရာများ

  • PDF
User Rating: / 0
PoorBest 

ပလောင်(တအာင်း) လူမျိုးများသည် များသောအားဖြင့် တစ်နေ့လျှင် ထမင်းသုံးနပ် စားသုံးလေ့ရှိကြပါသည်။ စားသောက်ချိန်ကိုမူ အလုပ်ရှိချိန်ပေါ်မူတည်ပြီး စားသုံးကြပါသည်။ ပုံမှန်ချိန်၌ မနက်စာကို ၆နာရီတွင် စားလေ့ရှိပြီး ရွှေဖီချိန်တွင်မူ လက်ဖက်ခြံသို့စောစောသွားရသောကြောင့် မနက် ၄နာရီခွဲ မှ ၅နာရီအတွင်း စားသောက်ကြပါသည်။

 

နေ့လည်စာကို နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ စားလေ့ရှိကြပါသည်။ ညနေစာကို လက်ဖက်ခြံ၊ တောင်ယာမှ ညနေ ၆ နာရီခွဲမှ ၇နာရီအထိ ပြန်လာလေ့ရှိသည့်အတွက်ကြောင့် ညနေစာကို ည ၈ နာရီမှ ၉ နာရီအချိန်တွင် စားလေ့ရှိပါသည်။ ရွှေဖီဦးချိန်မဟုတ်သည့် အခါမျိုးတွင် မနက်စာကို ပုံမှန် ၆ နာရီ စားလေ့ရှိပါသည်။ ဆန်ကို တောင်ယာ၊ လယ်ယာမှထွက်သော ဆန်ကိုစားသုံးသည့်အပြင် များသောအားဖြင့် ဗမာဆန်ကိုလည်း ဝယ်စားကြပါသည်။

ပလောင်လူမျိုးများသည် အသား၊ ငါးဟင်းကို အမြဲတမ်း စားလေ့မရှိဘဲ များသောအားဖြင့် ဟင်းသီးဟင်းသီးရွက်များ ကို စားလေ့ရှိကြပါသည်။ အသား၊ ငါးသည် တောင်ပေါ် တွင် ရှားပါးသော အစားအစာ များဖြစ်ပါသည်။ ကြက်၊ ဝက်၊ ဘဲတို့ကိုလည်း စားရန်အတွက် မွေးမြူးထားခြင်းမရှိပေ။ အချို့သောအိမ်တွင် အနည်း အကျဉ်းလောက် မွေးမြူထားခြင်းရှိပါသည်။ နမ့်ဆန်မြို့နယ်ရှိသော ပလောင်ကျေးရွာများတွင် ဝက်ကိုလုံးဝမမွေးကြပေ။ မွေးလျှင်လည်း ဝက်သေတတ် သည်။ မိသားစုခိုက်တတ်သည်ဟု ယုံကြည်ကြသည်။

ဒါကြောင့် အသား၊ ငါးတို့ကို တခါတလေ တစ်လလျှင်တစ်ကြိမ် စားသုံးလေ့ရှိပါသည်။ တချို့သော မြို့တွင် ဥပမာ နမ့်ခမ်းမြို့နယ်၊ ကွက်ခိုင်၊ နမ့်ဖက်ကာ၊ မိုင်းဝီးတို့သည် ၅ရက် တဈေးရှိကြပါသည်။ ၅ ရက်တဈေးရှိလျှင် ပလောင်ပြည်သူလူထုများ လိုအပ်သော အခြောက်ဟင်းများနှင့်ပတ်သက်၍ ဝယ်ထားလေ့ရှိ ကြပါသည်။ နမ့်ဆန်မြို့နယ်တွင် ၅ရက်တဈေးမရှိပါ။ လိုအပ်လျှင် လိုအပ်သလိုမြို့ပြန်ပြီး ဈေးဝယ်ကြပါသည်။ မြို့နှင့်အလှမ်းဝေးကွာသော ကျေးရွာတွင် တစ်လလျှင်တစ်ကြိမ် မြို့တက်ကြပါသည်။ စားဝတ်နေရေးအပေါ် မူတည်ပြီးလည်း ဈေးဝယ်ထွက်လေ့ရှိကြပါသည်။

 

ဟင်းသီးဟင်းရွက်ကိုလည်း ဝယ်စရာမလိုဘဲ ခြံထဲတွင် ရာသီအလိုက်စိုက်ပျိုးကြပါသည်။  စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များမှာ မုန်ညင်း၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုတ်၊ ချဉ်ပေါင်၊ ငရုပ်သီးစိမ်း၊ ဂျင်း၊ ဂျူးမြစ်၊ စပါးလင်၊ ရုံးပတီသီး၊  ပဲတောင့်၊ ပဲတောင့်ရှည်၊ ပဲလိပ်ပြာ၊ တရုတ်ပဲသီး၊ ရွှေဖရုံသီး၊ ဖရုံညွန့်၊ ကျောက်ဖရုံသီး၊ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွန့်၊ သခွါးသီး၊ ခဝဲသီး၊ ပဲစောင်းလျားသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းခါးသီး၊ ဘူးသီး၊ ပြောင်းဖူး၊ မျှစ်၊ မျှစ်ချဉ်၊ ကြက်သွန်နီ၊ဖြူ စသည့်တို့ကို စိုက်ပျိုးပြီး ခြံထွက်ဟင်းသီးဟင်းရွက်ကို စားသုံးကြပါသည်။

ပလောင်လူမျိုးများသည် အိမ်တိုင်းတွင် မရှိမဖြစ်ထားလေ့ရှိသော မုန်ညင်းကို မုန်ညင်းချဉ် အမျိုးမျိုးနှင့် မုန်ညင်းခြောက်များ လုပ်ထားခြင်း၊ ညောင်ချဉ်ရွက်ကို ညောင်ချဉ်ခြောက်ဖြင့် ပြုလုပ်ထားခြင်း၊ ပဲပုတ်ကို ပဲပုတ်အခြောက်၊ ပဲပုတ် အချပ်များ ပြုလုပ်ထားခြင်း၊  မျှစ်ကိုလည်း မျှစ်ချဉ်၊ မျှစ်ချဉ်ခြောက်၊ မျှစ်ခြောက်များ ပြုလုပ်ကြပါသည်။ ပလောင်ရိုးရာတွင် “ ပလောင် မျှစ်ချဉ်” မှာ နာမည်ကြီးလှပါ သည်။ အိမ်တိုင်းတွင် မျှစ်ချဉ်ထားလေ့ရှိပြီး မျှစ်ချဉ်မရှိသောအိမ်သည် လူပျင်း အိမ်ဟု သတ်မှတ်လေ့ရှိပါသည်။ မျှစ်ချဉ်ကို စဥ့်အိုးကြီး တစ်အိုးမှ သုံးအိုးအထိ ထားလေ့ရှိပါသည်။ မုန်ညင်းချဉ်ကိုလည်း ထိုနည်းတူစွာ နှစ်နဲ့ချီ စားသုံးရန်အတွက် လုပ်ထားကြပါသည်။

တခြားလိုအပ်သော ဆား၊ ဟင်းချိုမှုန့်၊ ငရုတ်သီးခြောက်၊ ငါးခြောက်၊ ကုလားပဲနှင့် တခြားသော ဟင်းခြောက်များကို တနှစ်လျှင် နှစ်ကြိမ် သုံးကြိမ်လောက်ဖြင့် ဈေးဝယ် ထွက်ပါသည်။ သို့သော် မြို့နှင့်နီးသောသူသည် တပတ်တကြိမ် ဈေးဝယ် ထွက်ကြပါသည်။ 

မုန်ညင်းကို နည်းငါးမျိုးနှင့် လုပ်စားနိုင်
၁)    မုန်ညင်းချဉ်
၂)    စွန်ထန်ခြောက်
၃)    မုန်ညင်းပုတ်ခြောက်
၎)    မုန်ညင်းစော၊ မျှစ်ချဉ်ချက်နှင့် အခြား
၅)    မုန်ညင်းခြောက်

၁) မုန်ညင်းချဉ်
မုန်ညင်းချဉ်ကို ပုံစုံအမျိုးမျိုးနှင့် လုပ်စား လေ့ရှိပါသည်။ ရေတို၊ ရေရှည်စားနိုင်အတွက် လည်း ခွဲခြားထားပါသည်။

၁-က) ရေတို မုန်ညင်းချဉ်ဆိုသည်မှာ မုန်ညင်းကို နေပူမလှန်းခင် အရွက်ကို သေးအောင် စိတ်ထားရပါသည်။ နေပူထဲတွင် တရက်ဖြင့် လှန်းထားရပါသည်။ နေပူလှန်းပြီးနောက်ပိုင်း ရေနှင့်ပြောင်အောင်ဆေးကြောပေးရပါသည်။ ရေဆေးပြီး နောက်ပိုင်းတွင် ဇလုံတလုံးနှင့်ထည့်ပါ။ ဆေးထားသော မုန်ညင်းကို ဆားနှင့်  ငရုပ်သီးမှုန့်တို့ ထည့်ထားပြီး ကော်ပုံး (သို့) စဉ့်အိုး (သို့) ဝါးဗူး သန့်သန့်ထဲသို့ သိပ်ထည့်ထားပါ။ မုန်ညင်းချဉ်ကို အနံ့မွှေးလိုလျှင် (၁) ဂျူးမြစ်၊ (၂) နံနံစေ့၊ (၃) စမုန်းစပါးစေ့၊ (၄) (တရုတ်ဘာသာ)ရှောင်ကော်၊ ပါကော်၊ (၅) မှည့်ခါးသီးတို့ကို ထည့်ပေးပါ။ မုန်ညင်းကို အမြန်ဆုံးချဉ်လိုလျှင် အေးသောထမင်း(သို့) ထမင်းရည်အေးကို လောင်းထည့်ပါ။ ပြီးလျှင် ရေကျက်အေး နည်းနည်းလောင်း ထည့်ပါ။ ၂ရက်မှ ၃ ရက်အထိ သိမ့်ထားပြီး ကောင်းသော မုန်ညင်းချဉ် ဖြစ်လာမည်။

၁-ခ) ရေရှည်မုန်ညင်းချဉ်ဆိုသည်မှာ အပွင့်မပါသော မုန်ညင်း ခူးလာပြီး မုန်ညင်းအကိုင်းနှင့် မုန်ညင်းရွက်ကို သတ်သတ်ဆီ ခွဲလှီးထားပါ။ မုန်ညင်းရိုးကို တလက်မခန့် လှီးထားပေးပါ။ မုန်ညင်း ရွက်ကို အနည်းအကျဉ်းသာ ထည့်ရမည်။ အရွက်ကို များများထည့်လျှင် ကြာရှည် မခံပါ။  မုန်ညင်းရိုးကို ညှိုးနွမ်းအောင် နှစ် ရက်ခန့် နေပူလှန်းထားရမည်။ နေပူလှန်း ပြီးနောက်ပိုင်း ရေနှင့်ပြောင်အောင် ဆေး ကြောပေးရပါသည်။ ရေဆေးပြီးနောက် ပိုင်းတွင် ဇလုံတလုံးနှင့် ထည့်ပါ။ ဆေးထား သော မုန်ညင်းကို ဆား၊ အရောင်ပါသော ငရုပ်သီးမှုန့်တို့ ထည့်ထားပြီး ကော်ပုံး (သို့) စဉ့်အိုးသန့်သန့်ထဲသို့ သိပ်ထည့်ထားပါ။ အဖုံးကိုလည်း လေလုံအောင် ပိတ်ထားရ ပါသည်။ မုန်ညင်းချဉ်ထဲတွင် ဂျူးမြစ်၊ နံနံစေ့၊ စမုန်းစပါးစေ့၊ (တရုတ်ဘာသာ) ရှောင်ကော်၊ ပါကော်၊ အရက်နှင့် ကြံ သကာရည်တို့ကို ထည့်ပေးပါ။ ရှေရှည်မုန် ညင်းချဉ်ကို ထမင်း(သို့)အရည် လုံးဝ မထည့်ရပါ။ တစ်လလုံး ထားထား၊ တစ်နှစ် လုံး ထားထား ထားနိုင်ပါသည်။ မုန်လာဥဖြူကိုလည်း ဤနည်းဖြင့် ပြုလုပ် စားသောက်နိုင်ပါသည်။

ရေတို မုန်ညင်းချဉ် သုတ်ပုံသုတ်နည်း- မုန်ညင်းချဉ်ကို နံနံပင်၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းပါးပါးလှီး၊ ဆား၊ ဟင်းချိုမှုန့် နှင့်ဆီစိမ်းတို့ကို ထည့်ပေးပါ။ ပြီးလျှင် မုန်ညင်းချဉ်ကို နှယ် လိုက်ပါ။ ဒါဆိုရင်တော့ မုန်ညင်းချဉ် ဟင်းသုတ်တပွဲ ကောင်း ကောင်းစားနိုင်ပါသည်။

ရေရှည်မုံညင်းချဉ် သုတ်ပုံသုတ်နည်း-
ကြက်သွန်နီနှင့်ဆီစိမ်းထည့်လျှင်လည်း လုံလောက်မည် ဖြစ်ပါသည်။

သတိထားရမည့်အချက်
မုန်ညင်းချဉ်အတွက် အသုံးပြုမည့် ဇလုံ နှင့် ကော်ပုံး (သို့) စဥ့်အိုးတို့ကို ဆီမပေအောင် သတိထားရမည်။ မုံညင်းချဉ်ကို အချဉ်သိပ်သည့်အချိန်တွင်လည်း လက်ကို ဆီမပေအောင် ထပ်မံသတိထားပါမည်။ သို့သော် မုန်ညင်းချဉ် ယူထားသည့် အချိန်တွင် သန့်ရှင်းသောလက်၊ သန့်ရှင်းသော ဇွန်းတို့ အသုံးပြုပေးရမည်။ အဖုံးကို လုံခြုံစွာ လေမဝင်အောင် သတိ ထားပိတ်ပေးပါ။ မုန်ညင်းစဥ့်အိုး၏ ဘေးပတ်ပတ်လည်ကို ညီညာအောင် သိပ်ထားပေးရမည်။ မညီညာလျှင်လည်း မုန်ညင်းပျက်တတ်ပါသည်။

၂) မုန်ညင်းချဉ်ခြောက်
မုန်ညင်းချဉ်ခြောက်ပြုလုပ်လိုလျှင် ရေတိုမုန်ညင်းချဉ် ပြုလုပ်သည့် နည်းအတိုင်း ပြုလုပ်ရမည်။ သို့သော် မုန်ညင်း ချဉ်ခြောက်ကို  အမွှေးနံ့သာ အနည်းအကျဉ်းသာထည့် ထားပါသည်။ ဂျူးမြစ်လုံးဝ မထည့်ပေ။  ဆားနှင့် ငရုပ်သီးမှုန့် ကို ပုံမှန်ထည့်ရမည်။ မုန်ညင်းကို အေးသောထမင်း (သို့) ထမင်းရည်အေးကို လောင်းထည့်ပါ။ တချို့တတ်နိုင်လျှင် ကောက်ညင်း ထမင်းရည်နှင့် ထည့်ပေးရပါသည်။ ကောက် ညှင်းရည်ထည့်လျှင် မုန်ညင်း ချဉ်ခြောက် အရောင်ကို လှစေသလို ကပ်စီးကပ်စီး လည်း ဖြစ်စေပါသည်။ ထို့နောက် ရေကျက်အေး (သို့) ရေအေးကို များများ ထည့်ထားပေးပါ။  မုန်ညင်းကို အနည်းဆုံး ၅ရက် သိပ်ထား ရမည်။  ချဉ်စုတ်လျှင် နေပူ ထဲလှန်းထားပါ။ နည်းနည်း ခြောက်လာလျှင် အပိုထား သော မုန်ညင်းချဉ်ရေကိုကြိုပြီးလျှင် လှန်းထားသော မုန်ညင်းချဉ်ကို ထည့်လိုက်ပါ။ ၅မိနစ်လောက် မီးဖိုးပေါ်သို့ သယ်ပြီးလျှင် နေပူထဲပြန်လှန်းပေးပါ။ ၃ကြိမ်လောက် မုန်ညင်းချဉ်ရေနှင့် ကြိုထားပါ။ ၃ကြိမ်လောက် ပြုလုပ်ပြီးလျှင် နေပူထဲတွင် ခြောက်နေအောင်လှန်းပေးပါ။ ခြောက်ပြီး နောက်ပိုင်းတွင် မုန်ညင်းချဉ်ခြောက်ကို ပြန်ပေါင်းပေးပါ။ ပေါင်းပြီးနောက်ပိုင်းတွင် ပုံးထဲ (သို့) ပလစ်စတစ်အိတ်ထဲတွင် လုံအောင်ထားပေးပါ။ ပေါင်းအိုးနှင့်ပေါင်းထားခြင်းနှင့် မုန်ညင်းအနံ့ကို မွှေးအောင် ဖန်တီးခြင်းတမျိုးဖြစ်ပြီး ကောင်းသော မုန်းညင်းချဉ်ခြောက်ကို စားလိုလျှင် ဤနည်းသာ အသုံးပြု၍ စားသုံးနိုင်ပါသည်။

စွန်ထန်ကိုလည်း ဤနည်းဖြင့် အသုံးပြု၍ ပြုလုပ်လေ့ရှိပါသည်။ သို့သော် စွန်ထန်ကို မုန်ညင်းအရွက်နှင့် အသုံးမပြုဘဲ မုန်လာဥ ရွက်နှင့် အသုံးပြုပြီး ပြုလုပ်လေ့ရှိပါသည်။

ချက်ပုံချက်နည်း
ဟင်းရေလုပ်စားလျှင် မုန်ညင်းချဉ်ခြောက်၊ နံနံပင်၊ ကုလားနံနံ၊ ဂျင်း၊ စပါးလင်၊ ကြက်သွန်နီ၊ ဖြူ၊ ဆားနှင့်ဟင်းချိုမှုန့်တို့ကို ထည့်ပေးပါ။ ငရုပ်သီးကြိုက်လျှင် ငရုပ်သီးစိမ်းကို ထည့်ပြီး ရေနွေးပူပူနှင့် လောင်းထည့်လိုက်ပြီး ကောင်းသောဟင်းချို တစ်ခွက် သောက်နိုင်ပါတယ်။

၃) မုန်ညင်းခြောက်ပုတ်
မုန်ညင်းခြောက်ပုတ်ဆိုသည်မှာ ဝါသောမုန်ညင်းရွက်ကို ခူးရပါသည်။ ဝါသော မုန်ညင်းရွက်ကို နေပူထဲ တိုက်ရိုက်မလှန်းဘဲ နေရိပ်သည့်နေရာတွင်သာ ၂ရက်မှ ၃ရက်အထိ ထားပေးရပါသည်။ ထို့နောက် မုန်ညင်းရွက်ကို ပါးပါးလေးနှင့်လှီးထားပေးပါ။ လှီးပြီးနောက်ပိုင်းတွင် ရေကို ပြောင်အောင်ဆေးပါ။ ဆေးပြီးနောက်ပိုင်းတွင် ညက်ညက်ကလေးဖြစ်အောင် ထောင်းပေးပါ။ ထောင်းပြီးနောက်ပိုင်းတွင် အရည်ကို ညှစ်ပေးရမည်။ ပြီးလျှင် ဆားနှင့်နှယ်ပေးပါ။ ပြီးလျှင် ပလိုင်း၊ ပုံး၊ ဝါးပင်အစရှိသည်တို့ကို သိပ်ထည့်လိုက်ပါသည်။ တချို့လျှင် အရည်ကို အောက်ကျအောင် ပလိုင်း၊ ပုံး၊ ဝါး၏ အောက်ဆစ်ကို ဖောက်ထားပေးရသည်။ တချို့ဆိုလျှင် မပြုလုပ်ပေ။  တစ်ပတ်မှ ၁ဝရက်အထိ ထားပေးရမည်။ များများပြုလုပ်လျှင် ကြာကြာထားပေးရမည်။ အနံ့ထွက်လာလျှင် နေပူထဲသို့ လှန်းပေးရမည်။ ခြောက်ပြီးနောက်ပိုင်းတွင် ပြန်ပေါင်းပေးပါ။ ပေါင်းပြီးနောက်ပိုင်းတွင် ပုံးထဲ(သို့) ပလတ်စတစ်အိတ်ထဲတွင် လုံအောင်ထားပေးပါ။ ပေါင်းအိုးနှင့်ပေါင်းထားခြင်းနှင့် မုန်ညင်းပုတ်ကို မွှေးအောင် ပြုလုပ်ပေးခြင်းဖြစ်သည့်အတွက် ကောင်းသော မုန်းညင်းချဉ်ခြောက်ကိုစားလိုလျှင် ဤနည်းသာအသုံးပြု၍ စားသုံးနိုင်ပါသည်။

ချက်ပုံချက်နည်း
၁) မုန်ညင်းပုတ်ကို ၁ဝရက်လောက် သိပ် ထားပြီး နေပူမလှန်းခင်တွင်လည်း သုတ်စား နိုင်ပါသည်။ နံနံပင်၊ ကုလားနံနံ၊ ဂျင်း၊ ဂျူးမြစ်  ကြက်သွန်နီ၊ ဖြူ၊ ငရုပ်သီးစိမ်း ပါးပါးလှီး၊ ဆား၊ ဟင်းချိုမှုန့်နှင့် ဆီစိမ်းတို့ကိုထည့်ပေးပါ။ ဒါဆိုရင်တော့ ဟင်းသုတ်တစ်ပွဲ ကောင်း ကောင်းလေးစားလို့ရပါပြီ။

၂) မုန်ညင်းပုတ်ကို အခြောက်သုတ် မုန်ညင်းပုတ်ကို ပထမဦးဆုံး လှော်လိုက်ပါ။ တူးအောင်တော့ မလှော်နဲ့နော်။ ပြီးတော့ နံနံပင်၊ ကုလားနံနံ၊ ရှောက်ရွက်၊ ဂျင်း၊  စပါးလင်၊ ကြက်သွန်နီ၊ ဖြူ၊ ခရမ်းချဉ်သီး မီးဖုတ်၊ ငရုပ်သီးစိမ်းပါးပါးလှီး၊ ဆား၊ ဟင်းချိုမှုန့်နှင့် ဆီစိမ်းတို့ကို ထည့်ပေးပါ။ ဂျူးမြစ်ရှိရင် ဂျူးမြစ်လည်း ထည့်လိုက်ပြီး သုတ်လိုက်ပါ။ ဒါဆိုရင်တော့ ဟင်းသုတ်တပွဲ ကောင်းကောင်းလေး စားလို့ရပါပြီ။

၃) ဟင်းရေလုပ်စားလျှင် မုန်ညင်းပုတ်ကို အခြောက်သုတ် မုန်ညင်းပုတ်ကို ပထမဦးဆုံး လှော်လိုက်ပါ။ နံနံပင်၊ ကုလားနံနံ၊ ရှောက်ရွက်၊ ဂျင်း၊  စပါးလင်၊ ကြက်သွန်နီ၊ ဖြူ၊ ဆားနှင့်ဟင်းချိုမှုန့်တို့ကို ထည့်ပေးပါ။ ပြီးတော့ ရေနွေးပူပူနှင့် လောင်းထည့် လိုက်ပြီး ကောင်းသော ဟင်းချိုသောက်တခွက် သောက်နိုင်ပါတယ်။

၎) မုန်ညင်းစောကို မျှစ်ချဉ်နှင့်ချက်ခြင်း (သို့) အခြားချက်နည်းများ

မုန်ညင်းနုနုလေး (သို့) အပွင့်ရှိသော မုန်ညင်းကို ခူးလာပြီး နေပူထဲတွင် ညှိုးနွံအောင် လှန်းထားပေးပါ။ တိုတိုစားလျှင် တိုတိုလေးနှင့် လှီးထားပေးပါ။  ပြီးလျှင် မုန်ညင်းကို ရေဆေးပေးပါ။ မုန်ညင်းထဲတွင် အချဉ်တမျိုးထည့်ပေးရမည်။ မကျည်း ချဉ်ခြောက်၊ ချဉ်စော်ကားသီး၊ မခေါက်သီးခြောက်၊ မျှစ်ချဉ်၊ ချဉ်ပေါင်ခြောက်အစရှိသည့်တို့ကို တမျိုးမျိုးထည့်ပေးရမည်။ အချိုကြိုက်သောသူများကို ကြံသကာ (သို့) ထန်းလျက်ခဲထည့်ပေးပါ။ အများကြီးမထည့်ပါနှင့် အချဉ်နှင့်အချိုလိုက် အောင် ထည့်လိုက်ပါ။ ဆား၊ ဟင်းချိုမှုန့်နှင့် ဆီတို့ ထည့်ထားပါ။ ဆီမကြိုက်သော သူများအတွက် ဆီမထည့်လျှင်လည်း ချက်ပြုတ် နိုင်ပါသည်။ လိုအပ်သော ပစ္စည်းများထည့်ပြီးလျှင် မီးပေါ်တွင် သယ်ထားလိုက်ပါ။ ရေ ၂ ကြိမ်မှ ၃ ကြိမ်ခန်းအောင် ချက်ရမည်။ မုန်ညင်းအရေနှင့်စားလိုလျှင် ရေအနည်းငယ်ကျန်အောင် ချန်ထားပေးပါ။ ရေမကြိုက်လိုလျှင် ခြောက်အောင်လည်း ထားနိုင်ပါသည်။ ဝက်ရိုးနှင့် ချက်လိုလျှင် ချက်နိုင်ပါသည်။ ကောင်းသော မုန်ညင်းစောကို စားလျှင် အချိန်၊ ဂတ်ဖိုး၊ မီးသွေးဖိုး အများကြီး ပေးရပါသည်။ ဤနည်းများ အသုံးပြုပြီးချက်စားလျှင် ပလောင်လူမျိုးအခေါ်အဝေါ် မုန်ညင်းစော တခွက်စား နိုင်ပါသည်။

မျှစ်ချဉ်နှင့်ချက်လိုလျှင် ရေ ၂ ကြိမ်မှ ၃ ကြိမ်အထိ ခန့်စရာ မလိုဘဲ မျှစ်ချဉ်ကို အရင်ဦးဆုံးသယ်ထားပါ။ မျှစ်ချဉ်စိမ်း အနံ့ပျောက်လျှင် မုန်ညင်းကို ထည့်လိုက်ပါ။ မိနစ် ၂ဝ နာရီဝက်လောက် သယ်ထားလျှင် လုံလောက်ပါသည်။ ဒါလည်း မုန်ညင်းမျှစ်ချဉ်ချက်ဟု ခေါ်ပါသည်။ တချို့သူများက စားခါနီးတွင် ငရုပ်သီးစိမ်း၊ နံနံပင်နဲ့ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ထည့်လိုက်ရင် ပိုပြီး အရသာကို ထူးဆန်းစွာတွေ့ရမည်။

သခွါးသီး၊ ဂေါ်ရခါးသီး၊ ဖရုံသီးနုနု၊ ပဲသီး၊ ပဲတောင့်ရှည်၊ ပဲလင်းေ¹မသီး၊ ရုံးပတီသီးနှင့် အစရှိသည့်တို့ကိုရောနှောပြီး ဒီနည်းနဲ့ ဟင်းစောတစ်ပွဲ ချက်စားနိုင်ပါသည်။

၅) မုန်ညင်းခြောက်
မုန်ညင်းခြောက်ပြုလုပ်သည့်အခါတွင် အလွယ်ဆုံးသော နည်းလမ်းဖြစ်ပါသည်။ မုန်းညင်းအပင်ကြီးနှင့် အပွင့်ဖြစ်လာ လျှင် မုန်ညင်းပင်၏ အလယ်ဗဟိုကို ဓါးနှင့်ဖြတ်လိုက်ပါ။ ဖျက်ပြီးနောက်ပိုင်းတွင်း အိုးကြီးထဲတွင် ရေကိုဆူပွက်အောင် ချက်ထားပြီး မုန်ညင်းကို ပြုတ်လိုက်ပါ။ ကျက်အောင် ပြုတ်ရုံ လောက်နှင့် ပြုတ်လိုက်ပါ။ ပြုတ်ပြီးလျှင် နေပူဒဏ်မခံရသော နေရာတွင် ကြိုးတန်းနှင့် ချိတ်ထားလိုက်ပါ။ ခြောက်ပြီးလျှင် ပေါင်းထားလိုက်ပါ။ ဒါဆိုလျှင် စိမ်းလန်းသော အရောင်ရရှိပြီး မွှေးကြိုင်သော အနံ့အရသာကို ထိတွေ့လာနိုင်မည်။ ဤမုန်ညင်းခြောက်ကို ပလောင်လူမျိုးတို့ ရွှေဖီချိန်တွင် စားရန်အတွက် ပြုလုပ်ထားပါသည်။ ရွှေဖီချိန်ရောက်ရင် ခြံထဲတွင် ဘာမှ စိုက်ပျိုးလေ့မရှိဘဲ ဤအချိန်တွင် လက်ဖက်ကိုခူးရန် ဦးစားပေးသောအချိန်ဖြစ်ပါသည်။ ချက်စားလိုလျှင် မုန်ညင်းစောပုံစံနှင့် ထပ်တူထပ်မျှ ချက်စား နိုင်ပါသည်။

မုန်ညင်းရွက် ပြုလုပ်သည့်နည်းလမ်းလည်းသိ၊ ချက်စားလိုလျှင် နည်းလမ်းလည်းသိပြီးနောက်ပိုင်း ချက်စားနိုင်သည်။ မချက်ဘဲ မနေနိုင်နဲ့။ ပလောင်(တအာင်း)ဟင်းကို တခါစားလျှင် အမြဲတမ်း စားချင်အောင် စွဲဆောင်သွားနိုင်သည်။

မျှစ်ချက်ပုံချက်နည်းများ

ပလောင်လူမျိုးများသည် ဟင်းရည်ချက်တိုင်း မျှစ်ချဉ်ကို အသုံးပြုလေ့ရှိကြပါသည်။ မျှစ်ခြောက်ကတော့ ပြုလုပ်သည့် နည်းလမ်း လွယ်ကူပါသည်။ မျှစ်စိမ်းကို ပြုတ်ပြီး အခြောက် လုပ်နိုင်ပါသည်။ မျှစ်ပြုတ်ကိုလည်း အသုတ်၊ ကြော်၊ ချက်၊ ချဉ်ငံစပ်ချက်လည်း ပြုလုပ်လေ့ရှိပါသည်။

မျှစ်ချဉ်ကို ပထမဦးဆုံး မျှစ်စိမ်းကို ပါးပါးလှီးထားပြီး မုန်ညင်း ချဉ်ပြုလုပ်သလို သန့်ရှင်းသော စဥ့်အိုးနှင့် သိပ့်ထားရပါသည်။ တစ်လမှ နှစ်လအထိ သိမ့်ထားရပါသည်။ တခါတလေ နှစ်လ သိမ့်ထားသည့်တိုင်အောင် မျှစ်စိမ်းအနံ့က မပျောက်ပေ။ မျှစ်စိမ်းအနံ့မပျောက်မချင်း လုံးဝစားလို့မရပေ။ မျှစ်ချဉ်ပြုလုပ်သည့်အခါတွင် လက်ရွေးပါသည်။ တချို့သောလက်သည် မျှစ်ချဉ်ပြုလုပ်ခြင်းမရပေ။ မျှစ်စိမ်းချက်ပြုတ်သည့်အခါတွင် လက်မချိုလျှင် မျှစ်စိမ်းက အလိုလိုနေရင် ခါးသွားပါသည်။

မျှစ်ချဉ်သုတ် ကိုစားလိုလျှင် မျှစ်ချဉ်ကို စနွင်းမှုန့်နှင့် တစ် နာရီမှ နှစ်နာရီအထိ ပြုတ်ရပါသည်။ ပြုတ်ပြီးနောက်ပိုင်းတွင် အရည်ကို ခြောက်နေအောင်ညှစ်ထုတ်ရပါသည်။  ထို့ပြင် အရောင်ပါသော ငရုပ်သီးမှုန့်၊ ကြက်သွန်ဖြူကို မှုန့်အောင်ထောင်း၊ ပုဇွန်ခြောက်ကို ရေဆေး၊ ဆား၊ ဟင်းချိုမှုန့်နှင့် ရေညှစ်ထားသော မျှစ်ချဉ်၏ အလယ်ဗဟိုတွင် ထည့်ထားပြီး ဆီပူပူ သယ်ထား၍ ထည့်ထားသော တန်ဆာပလာ၏ အလယ်တွင် လောင်းထည့်လိုက်ပါ။ ပြီးလျှင် အားရပါးရ ရောနှယ်လိုက်ပါ။ အရမ်းကောင်းသော မျှစ်ချဉ်သုတ်ကို စားနိုင်ပါသည်။ တခါစားလျှင် နောက်ထပ်တခါထပ်စားဖို့ ပါးစပ်အရသာတွေ့သွားနိုင်ပါသည်။ ပလောင်ဒေသရှိ နမ့်ဆန်မြို့နယ်တွင် အရမ်းနာမည်ကြီးသော မျှစ်ချဉ်သုတ်ဖြစ်ပါသည်။

ပဲပုတ်ချက်နည်း
ရှမ်းပဲပုတ်လို့ တင်စားကြပေမယ့် ပလောင်လူမျိုးများလည်း ပဲပုတ်ကို စွဲစွဲလမ်းလမ်း စားသုံး လေ့ရှိကြပါသည်။ ပဲပုတ်ကို တနှစ်အတွက် မိသားစုပေါ်မူတည်ပြီး ပြုလုပ်လေ့ရှိပါသည်။ တပုံး၊ ၂ ပြည်မှ ၃ ပြည်အထိ ပြုလုပ်လေ့ရှိပါသည်။ ပဲပုတ်ကို ပထမဦးဆုံး ကျောက်သလဲ အမှိုက်ကို ပြောင်အောင်ရွေးပြီး ရေနဲ့ဆေးကြောပေးရမည်။ အိုးကြီးကြီးနှင့် တနေကုန်နူးနေအောင် သယ်ထားရမည်။ ကျက်ပြီးလျှင် ပဲပုတ်ကို ပလိုင်း (သို့) ဝါးနှင့်ယက်ထားသော ပုံးပုံစံနှင့်သိပ် ထားပါ။ ပလိုင်း၏ အထဲဘေးပတ်ပတ်လည်တွင် ကောက်ရိုးကို ထည့်ပေးပြီး မီးဖိုနားတွင် ၄-၅ရက် ထားပေးရမည်။ ၄-၅ရက် ခန့်ကြာသောအခါ ပဲပုတ်အစေ့သည် ချွဲရည်နှင့်တူသော အရည်တမျိုးတွေ့ရမည်။ ဤသို့ဖြစ်လျှင် အဆင့်သင့်စားလို့ရမည်။

သုတ်စားသည့်အခါတွင် ဂျင်းကိုပါးပါးလှီး၊ ကြက်သွန်နီ၊ ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ကုလားနံနံနှင့် ဆီစိမ်းတို့ကိုထည့်ပြီး သုတ်စားနိုင်သလို ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီးစိမ်းတို့နှင့် ရောနှောကြော်ချက် စားနိုင်ပါသည်။

ပဲပုတ်နှပ်စားလိုလျှင် ကြက်သွန်ဖြူထောင်း၊ ဂျင်းထောင်း၊ ငရုပ်သီးမှုန့်နှင့် အရက်နည်းနည်းထည့်၍ ရောသုတ်လိုက်ပါ။ ပြီးလျှင် တပတ်မှ ၁ဝရက်ခန့်ကြာသောအခါ  မွှေးကြိုင်သော အနံ့ထွက်လာလျှင် သုတ်စား၊ ကြော်စားနိုင်ပါ သေးသည်။

ပြုတ်ထားသော ပဲပုတ်ကို ညှပ်အောင်ထောင်းပြီး ကြက်သွန်ဖြူထောင်း၊ ဂျင်းထောင်း၊ ငရုပ်သီးမှုန့်တို့ကို ရောထည့်ပြီး မွှေလိုက်ပါ။ တချို့ပဲပုတ်ပြားတွင် မှုန့်အောင်လည်း ထောင်းပေးရပါမည်။ ပြီးလျှင် အဖုံးတခုခု (သို့)ပျဉ်ပြားကို လေးထောင့်ဒီဇိုင်းပြုလုပ်ပြီး ပဲပုတ်ချပ်လည်း ပြုလုပ်နိုင်ပါသည်။ ခြောက်အောင်နေပူထဲ လှန်းထားပေးပါ။ ဤပဲပုတ်ခြောက်ကို ကြော် လှော်၍ စားနိုင်သလို ဘလချောင်လည်း ကြော်လှော်စားနိုင်ပါသည်။ ပဲပုတ်ကို ဟင်းရည်ချက်သည့်နေရာ၊ ငရုပ်သီးထောင်းနှင့် အခြားသော အထောင်းများ ပြုလုပ်စားသည့်အခါတွင်လည်း ထည့်စားနိုင်ပါသည်။

လက်ဖက်သုတ်၊ လက်ဖက်ခြောက်

ပလောင်လူမျိုးများသည် အဓိကပင်မအသက်မွေးဝမ်းကျောင်းမှာ  လက်ဖက်ဖြစ်သလို လက်ဖက်ကိုလည်း စွဲစွဲလမ်းလမ်းနှင့် စားသုံးလေ့ရှိပါသည်။ လက်ဖက်သုတ်သည့်အခါတွင် ဆီ၊ ပဲခြမ်းလှော်၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ သံပုရားရည်၊ ဆား၊ ဟင်းချိုမှုန့်ဖြစ်ပါသည်။ အဓိက ဆီနှင့် ပဲခြမ်းလှော်များကို မဝယ် နိုင်ကြပေ။ သို့သော် တခါတလေ အဆင်ပြေသောအချိန်တွင်လည်း သုတ်စားလေ့ရှိပါသည်။

မိမိအိမ်တွင် ရောက်လာသောဧည့်သည်များကို လက်ဖက်သုတ်နှင့် ဧည့်ခံလေ့ မရှိပါ။ သို့သော် လက်ဖက် သုတ်ကို ပွဲကြီးပွဲကောင်း၊ ရက်ကြီးရက်မြတ်၊ မင်္ဂလာဆောင်သည့်အချိန်တွင် များသောအားဖြင့် ဧည့်သည်များကို သုတ်ကျွေးလေ့ရှိပါသည်။ ပဲခြမ်းလှော်နှင့် ဆီမပါသော လက်ဖက်ချဉ်ကို စားသုံးလေ့ရှိ ပါသည်။

လက်ဖက်ခြောက်ကို ပွဲကြီး ပွဲကောင်း၊ ရက်ကောင်း ရက်မြတ်၊ မင်္ဂလာဆောင် သည့်အချိန် မဟုတ်သော် လည်း အိမ်တိုင်းတွင် လက်ဖက်ရေကြမ်းကို မှီဝယ် သောက်သုံးလေ့ရှိပါသည်။ လာရောက်သော ဧည့်သည် များကိုလည်း လက်ဖက်ရေ ကြမ်းနှင့် ဧည့်ခံလေ့ရှိ ကြ ပါသည်။

ရွှေဖီချိန် ဦးဦးဖျားဖျား ထွက် ရှိသော လက်ဖက်ခြောက်ကိုလည်း ရွာတွင်း ဘုန်းကြီးကျောင်းများကို ပထမဦးဆုံး သွားရောက် လှူဒါန်းလေ့ရှိပါသည်။

ထို့ပြင်မင်္ဂလာဆောင်သည့်အချိန်တွင် လက်ဖက်တရိုး၊ ကွမ်းတယာနှင့် ကျွေးမွေးဧည့်ခံလျှင် ဇနီး မောင်နှံအထ မြောက်ကြောင်း၊ ရှေ့ထုံးစဉ်လာမှုများသည် အလှူမင်္ဂလာထိမ်းမြားမင်္ဂလာများကိုလည်း လက်ဖက်ထုပ်နှင့် ဖိတ်ကြားလေ့ရှိပါသည်။ ၄င်းအပြင် ဘာသာရေး၊ သာသနာရေး၊ သက်ကြီးပူဇော်ပွဲ၊ နတ်ပူဇော်ပွဲ၊ လက်ထပ် မင်္ဂလာပွဲတို့တွင် လက်ဖက်မပါလျှင် ကန်တော့ပွဲများအရာမရောက် အထမမြောက်ဟု သတ်မှတ်လေ့ရှိကြပါသည်။

လိုည်းနွေနှောင်း

 

Add comment


Security code
Refresh

PWO အကြောင်း

ပလောင်အဖွဲ့အစည်းများအတွင်း အမျိုးသမီးများ၏ တက်ကြွစွာပူးပေါင်းပါဝင်မှု ရှားပါးနေသည်ကို အဖြေရှာသည့်အနေဖြင့် ပလောင်အမျိုးသမီးအစည်းအရုံးကို ၂၀၀၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဆက်ဖတ်ရန်

ကြည့်ရှု့သူပေါင်း

ပလောင်လူမျိုးအကြောင်း

မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လာကြသည်ဟု လက်ခံကြပါသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဆက်ဖတ်ရန်

Burmese Font

The Burmese font used on our Web site displays best if you use the Internet Explorer browser, but we recommend that you download the font for a better viewing experience. Read More

You are here: